ဦးဦးသာထွန်း ( ၁၉၁၇ - ၁၉၉၀ )
ရခိုင်ပြည်၏အထင်ရှားဆုံး စာပေပညာရှိ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက နှင့် ရခိုင့်အမျိုးသားခေါင်းဆောင်
၁၉၉၀ ခုနှစ် သြဂတ်လ ( ၁၄ ) ရက်နေ့တွင် မြန်မာစစ်အစိုးရမှ အစာထဲတွင် အဆိပ်ထည့်၍ သွေးအေးစွာဖြင့် သုတ်သင်ခြင်း ခံခဲ့ရသော ရခိုင်အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည်။
အတ္ထုပ္ပတ္တိ
ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွားအနီး အဖဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ (၁၉၁၇) ခု နိုဝင်ဘာလ (၂၃) ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇ၀င်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင်ရာဇ၀င်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နှုတ်တိုက် အာဂုံသင်ကြားပေးခဲ့သည်။ န၀မတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန်သောကြောင်း ကျောင်းထွက်လိုက်ရပြီး ရဟန်းပုဂ္ဂိုလ်တို့ထံတွင် သက္ကဋပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီပညာရပ်များကို သင်ကြားလေ့လာဆည်ပူးခဲ့သည်။
၁၉၅၀ ခုနှစ်မှ (၁၉၅၅) ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး (၁၉၅၅) ခုနှစ်မှ (၁၉၇၇) ခုနှစ်အထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် ရခိုင်-မြန်မာပဏ္ဍိတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦးရှေးဟောင်း သုတေသနပြတိုက်ကြီးသည် ဆရာကြီးစုဆောင်းတည်ဆောက်ခဲ့သော ရှေးဟောင်းပြတိုက်ကြီးဖြစ်သည်။ (၁၉၇၇)ခုနှစ်မှ (၁၉၈၃) ခုနှစ်အထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၈၀) ခုနှစ်မ (၁၉၈၃) ခုနှစ်အထိတူးဖောင်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်း တူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ကိုင်ယကျပါဝင်တူးဖော်ဆောင်ရွက်ခဲ့သည်။
မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃၀၁-ခုနှစ်ပုံနှိပ်၊ ဦးရာဇ်တောင်ဘုရားသမိုင်းကျမ်း၊ ပြင်ဆင်ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂-၅၃)၊ ရက္ခိုင်အမျိုးသမီးသူရဲကောင်းအတ္ထုပတ္တိ (၁၉၅၃-၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇ၀င်သင်္သေပကျမ်း (၁၉၅၄-၅၅ ပုံနှိပ်)၊ ၀သဲဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ်ဘုရားသမိုင်း (ပုံနှိပ်)များအား ပုံနှိပ်ထုတ်ဝေခဲ့သည်။ ရက္ခိုင်ကဗျာပေါင်းချုပ်၊ ရက္ခိုင်ရာဇ၀င် (ဘာသာပြန်)၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)ရက္ခိုင်ဓါတ်တော်ဘုရားစေတီများနှင့် မြောက်ဦးမြို့တန်ခိုးကြီးဘုရားများ၊ သမိုင်းကျမ်းစာများကို ရေးသားပြုစုပြီး ဘဏ္ဍာရေးဝန်ကြီး ဆာဦးထွန်းအောင်ကျော်ထံတွင် အပ်ခဲ့သည်။
အံတော်သိမ်ဘုရားသမိုင်းကျမ်း၊ သဲထက်ဘုရားသမိုင်း၊ ထီးတော်မိုးဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင်ဘုရားသမိုင်း၊ ဝေသာလီဘုရားကြီး သမိုင်း၊ သိမ်တောင်ကြီးဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ ပါးတော်ဘုရားသမိုင်း၊ ဘုရားပေါ်ဘုရားသမိုင်း၊ရှစ်သောင်းဘုရားသမိုင်း၊ မင်္ဂလာဓါတ်ရွှေကူဘုရားသမိုင်းများကို လင်္ကာစကားပြေမော်ကွန်းများ စသည်တို့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဓည၀တီမဂ္ဂဇင်းအား စာတည်း ၊ အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေခဲ့သည်။ ဓည၀တီစာစောင်၊ ဓည၀တီမဂ္ဂဇင်း၊ ရခိုင့်တန်ဆောင် မဂ္ဂဇင်း၊ မန္တလေးပြည်သူ့ဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း။ယဉ်ကျေးမှုစာစောင်၊ ရခိုင်မဂ္ဂဇင်း၊ စစ်တွေကောလိပ်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်၊ ဦးရာဇ်မြေမဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယ အစရှိသော ကလောင်အမည်များဖြင့် ဆောင်းပါးများရေးသားခဲ့သည်။
မြို့စောင့်နတ်ဒေ၀တာဗလီပူဇော်ကျမ်း၊ အဉ္စနနိဒါန်းဆေးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်၊ တီးလုံးများ၊ ကဗျာများ စုပေါင်းစာတမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာ ပန်တျာတီးလုံးတီးကွက်နှင့် ပြုလုပ်ပုံအတိုင်းအတာစာတမ်း၊ ရခိုင်သတ်ပုံသတ်ညွှန်းထားခြင်း၊ အဓိပ္ပါယ်ထွက်ပုံ စာတမ်း၊ ရခိုင်ပလွီ (ပြွီ) အမျိုးမျိုးပြုလုပ်ပုံ အတိုင်းအတာစာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓပူဇနိယဆီမီးခွက်အက၊ တေးခြင်းကဗျာ စသည်တို့ကို ရေးသားပြုစုခဲ့သည်။
ဆင်ယင်ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင်ရာဇ၀င် (မူကြမ်း)၊ ရခိုင်အက္ခရာဆင်းသက်လာပုံကျမ်း (မူကြမ်း) ရခိုင်ကျောက်စာပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင်သမိုင်းကျမ်း (မူကြမ်း)၊ရခိုင်မင်းသားဒေါင်မာတင် (မူကြမ်း)၊ သျှင်ဦးမြ၀ါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီး ဧချင်းရှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရိမောရပ္ဗတောင်ခြေရင်းမှ တွေ့ခဲ့ရသော ကျောက်ဆစ်လက်ရာများ သုတေသနပြုချက် (မူကြမ်း) စသည်တို့ကို ရေးသားပြုစုခဲ့သည်။ သြစတြေးလျနိုင်ငံအမျိုးသား တက္ကသိုလ်သုတေသီ Pamela Gutman ၏ (Ancient Arakan) ကျမ်းပြုစုစဉ်တွင်လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပါမောက္ခရောဖတ် ဆာဗ်ရ် (Bemot) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမ၀တ္ထုနှင့် ကျီးဖြူရွာစာတမ်းများကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံစာတမ်းများကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေးဗစ်သတိမ်းဗာစ်၏ ဝေသာလီကျောက်ရုပ်တုဆင်းတုများ၏ နှစ်ပေါင်းကြာညောင်းမှုအား တိုင်းတာမှုစာတမ်းကိုလည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခအိုနိုတိုရရှုနှင့် ရခိုင်စကားပြောလေယူလေသိမ်း အသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ်အရပ်တွင်ရှိသော ဒတ်ခ်ျ ကောင်ဆယ်လာ အဆောက်အအုံပုံစံနှင့် ကူးသန်းရောင်းဝယ်ခဲ့ပုံ စာတမ်းများကိုလည်းကောင်း ရေးသားပြုစုကူညီခဲ့သည်။
နိုင်ငံတော် အစိုးရယဉ်ကျေးမှုဌာနနှင့် အခြားပုဂ္ဂိုလ်တို့ကိုလည်း ဆရာကြီးသည် ကူညီပေးခဲ့သည်။ ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာ စာအုပ် (၁၉၅၉)၊ ရခိုင်တိုင်းရင်းသားလူမျိုးဖြစ်စဉ်နှင့်ဓလေ့ထုံးစံများစာအုပ်၊ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရားဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာစည်တော်နှင့် တူရိယာတီးကွက်များစာတမ်း၊ မြန်မာ ဝေါဟာရအဘိဓါန်ကျမ်းပြုစုစဉ် ဝေါဟာရစာလုံးများပြုစုပြီး ပေးပို့ခြင်း၊ ရခိုင်ဝေါဟာရအဘိဓါန်ပြုစုစဉ် ဝေါဟာရစာလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကားချက်များ စာအုပ်ပြုစုခြင်း၊ (၁၉၇၆-၇၇) ခု ရခိုင်ပြည်နယ်နေ့
ရခိုင်ပြည်နယ် တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ၀တ်စုံစာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန်စသည်တို့ကို ပါဝင်ကူညီရေးသားပြုစုခဲ့သည်။
အထက်တန်းပညာဦးစီးဌာနညွှန်ချုပ် (ငြိမ်း) ပါမောက္ခဦးစံသာအောင် အတွက်လည်း (၁၉၇၂)ခု အဘိဓမ္မာကောက်နှုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင်ရိုက်နှိပ်ရန်အတွက်လည်းကောင်း၊ ဂ၀ိကဏ္ဍပါသဏကျမ်း ပေမူကိုမိုက်ခရိုဖလင်ရိုက်နိုင်ရန်အတွက် လည်းကောင်း၊ လျှို့ဝှက်ကျောက်စာဂဏန်းရေးနည်းပေမူကို မိုက်ခရိုဖလင်ရိုက်ရန်အတွက်လည်းကောင်း၊ အေဒီ (၆)ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံး အက္ခရာစာအုပ်ပြုစုရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား (၈) ရာစု ရခိုင်ဝေသာလီစာအုပ်ပြုစုရာတွင်လည်းကောင်း၊ ရခိုင်ဒင်္ဂါးများသမိုင်းပြုစုရာတွင်လည်းကောင်း၊ ဗုဒ္ဓအနုပညာ (Buddhist Art of Ancient Arakan)စာအုပ်ပြုစုရာတွင်လည်းကောင်း ပါဝင်ကူညီခဲ့သည်။
(၁၉၅၉) ခုနှစ်မှာ မြန်မာ့အသံရေဒီယိုမှ ရခိုင်အသံကို အစအဆုံး အသံလွှင့်ခဲ့သည်။ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်စဉ်လာများအား ကမ္ဘာသိအောင် ရှာဖွေစုဆောင်းလေ့လာဖေါ်ထုတ်ခဲ့သည်။ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာများကို ဖေါ်ထုတ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လည်း အမြဲဆော်သြခဲ့သည်။ ဆရာကြီးသည် ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ရခိုင့်ရိုးရာ ထုံးတမ်းစဉ်လာများကို အသစ်တဖန်ပြန်လည်မွေးထုတ်ပေးခဲ့သော ဖခင်ကြီးဖြစ်သည်။
ဆရာကြီးသည် ရခိုင်ဒီမိုကရေစီရရှိရေး၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေးအတွက်လည်း စွမ်းစွမ်းတမံရှေ့တန်းမှ ဦးဆောင်ဦးရွက်ဆောင်ရွက်ခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယကကြီးအဖြစ်ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်သို့ မဲဆွယ်တရား ဟောထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ်တရားဟောပွဲတွင် တရားဟောနေစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။
ဆရာကြီးအား အမျိုးသားရေးတရားဟောသည် စသည်ဖြင့် အမျိုးမျိုးစွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗမာစစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရားစော်ကားမှုများကို ဆရာကြီး၏အချက်ကျကျဝေဖန်ဟောပြောမှုများကြောင့် ဗမာစစ်ဝါဒီများ၊ ဗမာလူမျိုးကြီးဝါဒီမှားအား အနာပေါ်တုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိမခံမရပ်နိုင်ဖြစ်ခဲ့ကြရသည်။ ထို့ကြောင့် ဆရာကြီးအား အငြိုးထားကာမတရားဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၃) နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချထားခဲ့သည်။ ထောင်ထဲတွင် ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစရှိသော အဆိပ်ပါသည့် အစားအစာများအားနေ့စဉ်လိုလို အနည်းငယ်ထည့်ကျွေးလုပ်ကြံခဲ့ရာ ထောင်ကျပြီး (၅) လအကြာ (၁၉၉၀) သြဂတ်စ်လ (၁၄) ရက်တွင် ကွယ်လွန်ခဲ့သည်။
ရခိုင်တစ်မျိုးသားလုံး လေးစားကြည်ညိုသော ဆရာကြီးအား(န၀တ) စစ်အစိုးရက ညှဉ်းပမ်းနှိပ်စက် အဆိပ်ခပ်သတ်ဖြတ်ကာ ရခိုင်တစ်မျိုးသားလုံး ဦးကျိုးအောင် ချိုးနှိမ်ခဲ့ခြင်းဖြစ်သည်။
ဆရာကြီး သေဆုံးခြင်းသည် သူတို့လက်ချက် မဟုတ်ကြောင်းကို ခိုင်လုံထင်ရှားစေရန် ဗမာစစ်အစိုးရသည် လုပ်ကြံဆောင်းပါးများ ဖန်တီးရေးသားခဲ့သည်။ ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင်သွေးမတိတ်သည့် ရောဂါ
(Cerabral Haemorrhage) ဖြင့် အကျဉ်းထောင်ဆေးရုံတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများဖြင့် လုပ်ကြံဖန်တီးခဲ့သည်။
ဆရာကြီး ကွယ်လွန်ချိန်တွင် ဆရာကြီး၌ ဇနီး-ဒေါ်မစိန်သာနှင့် သား-ကိုကျော်ထွန်းအောင်အပါအ၀င် သမီး (၄)ဦး ကျန်ရှိခဲ့သည်။
ဆရာကြီးကွယ်လွန်ခြင်းသည် ရခိုင်တစ်မျိုးသားလုံးအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်။ ဆရာကြီးအား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သူများမှာ ဗမာလူမျိုးကြီးဝါဒီများနှင့်ဗမာစစ်ဝါဒီများဖြစ်သည်။ သူတို့သည် ဆရာကြီး၏ ရုပ်ခန္ဓာအား သတ်ဖြတ်နိုင်ခဲ့သော်လည်း ဆရာကြီး၏ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအပေါ် ချစ်သည့် စိတ်ဓါတ်ကိုကား သတ်၍ မရနိုင်ခဲ့ချေ။
ဆရာကြီး၏ မွန်မြတ်သန့်စင်သော မျိုးချစ်စိတ်ဓါတ်သည် ရခိုင်မျိုးဆက်လူငယ်များတွင် ဆက်လက် စိမ့်ဝင်ပျံ့နှံ့လျှက်ရှိနေသည်။
ဆရာကြီးသည်ကား ရခိုင်ပြည်နှင့် ရခိုင်သမိုင်းတွင် အစဉ်ထာဝရ ထွန်းလင်းတောက်ပနေမည့် အာဇာနည်ကြယ်တပွင့် ဖြစ်ပေသည်။
(ကိုးကားချက်။ ။
ရခိုပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၏ ဆရာကြီး ဦးဦးသာထွန်းကျဆုံးခြင်း (၁၉) နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကူးယူဖော်ပြသည်။)
ကိုယ်ရေးအကျဉ်း
Author:
Unknown
Genre:
»
သမိုင်း
Rating
Posted by Unknown
Posted on