စက်တင်ဘာလ (၂၁) ရက်၊ ၂၀၁၁။
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရတို့ အကြား တရားဝင် အလုပ်သမားတင်ပို့တဲ့ အစီအစဉ် စတင်နေပေမယ့် မြန်မာ အလုပ်သမားတွေ အတွက်တော့ အခက် အခဲတွေ ပြီးဆုံးသွားတာ မတွေ့ရပါဘူး။ အထူးသဖြင့် ကော့သောင်းကနေ ရနောင်းဘက်သို့ အပို့ ခံခဲ့ရတဲ့ အလုပ်သမား တွေအထဲမှာ  အခက်အခဲ အမျိုးမျိုး ကြုံနေရသူတွေ ရှိနေပါတယ်။ ပွဲစားတွေရဲ့ မရေမရာ စကားတွေကို ယုံပြီး မလုပ်ချင်တဲ့ အလုပ်တွေ လုပ်ရတာကနေ လုပ်အားခကို အဖြတ်ခံရတာ အဆိုးအဆုံး အနေနဲ့ မိမိရဲ့ ယာယီ နိုင်ငံကူး လက်မှတ် ကိုတောင် သိမ်းဆည်းခံနေရတာ စတဲ့ အဖြစ်တွေ ကြုံနေရတာပါ။
ဒီအထဲမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကနေ ထိုင်းနိုင်ငံရောက်လာတဲ့ အသက် (၂၀) ကျော် လူငယ် (၆) ယောက်လည်း ပါဝင်ပါတယ်။ သူတို့ အထဲက ကိုဇော်လင်းအောင်ကို အလွတ်သတင်းထောက် မြတ်ညိုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။   ။ ပြည်ပကို ထွက်လာဖို့ အတွက် ပြည်တွင်းမှာ ဘာတွေ လုပ်ဆောင်ခဲ့ရလဲ။
ဖြေ။  ။ ပထဦးဆုံး ကျနော်တို့  ဂျော်ဒန်ကို သွားမယ်ရမယ်ဆိုပြီး ရမ်းဗြဲက ဥပဇင်း တစ်ပါးကို ကျပ်ငွေ (၃) သိန်း အရင် ပေးရပါတယ်။ ရန်ကုန် တာမွေက ဥပဇင်းရဲ့ အစ်မ ဖြစ်သူ ထံသို့ ကျနော်တို့ကို ပို့လိုက်ပါတယ်။ ရန်ကုန်မှာ ပက်စ်ပို့ လျှောက်ထားပြီးတော့ ကျနော်တို့  မော်တာ အပ်ချုပ်စက်ကို (၁၅) ရက်လောက် သင်ခဲ့ရ ပါတယ်။ ပြီးတော ရခိုင်ကို သုံးလေးလ လောက် ပြန်နေခဲ့ရပါတယ်။ ကျနော်တို့ စောင့်နေချိန်မှာ ဂျော်ဒန်ကို မသွား ရတော့ဘူးတဲ့။ ထိုင်းကို သွားရမယ်လို့ ပြောတယ်။ ရမ်းဗြဲမှာ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ တာကြောင့် ကျနော်တို့လည်း ထိုင်းကို လာမယ် ဆိုတော့ ပိုက်ဆံ (၂) သိန်းခွဲ ထပ်ပေး ရအုံးမယ်လို့ ရန်ကုန်က ပွဲစားမက ပြောပါတယ်။ ကျနော်တို့က ဈေးပြန်ညှိတော့ နောက်ဆုံးမှာ တသိန်းခွဲ ထပ်ပေးလိုက် ရပါတယ်။ ရန်ကုန်ကို ကိုယ့်စရိတ်နဲ့ ကိုယ် လာခဲ့ကြတာပါ။ ရန်ကုန်မှာ (၄၅) ရက်လောက် နေပြီးတော့ ကော့သောင်းကို ပို့လိုက်ပါတယ်။
မေး။    ။  ကော့သောင်းကို ရောက်တဲ့အခါမှာ ဘာ အစီအစဉ်တွေ လုပ်ကြရလဲ။
ဖြေ။    ။ ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် ဆရာစံ လမ်းမှာရှိတဲ့ အဆောင်တခုမှာ ကျနော်တို့ကို ထားပါတယ်။ အမျိုး သမီးတွေလည်း အဲဒီ အဆောင်မှာ ရှိပါတယ်။ လူတွေ များပါတယ်။ ကော့သောင်း ကိုယ်စားလှယ်က ထိုင်းနိုင်ငံ ဆုံခါမြို့မှာ ပရိဘောဂ အချော လုပ်ရမယ်။ တရက်ကို (၂၂၀) ဘတ်ရမယ်၊ အချိန်ပို တစ်နာရီကို ဘတ် (၄၀) ရမယ် လို့ပြော ပါတယ်။ မြန်မာဘက်က ဗိုလ်ကြီဟောင်း စိုးနိုင်။ ဦးစိုးလွင်နဲ့ ကော့သောင်း (မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံး) မလနရုံးက အရာရှိ အမျိုးသမီးကြီး တယောက်  PMP ကုမ္ပဏီ ကိုယ်စားလှယ် ကိုဧရာချိန်မောင် တို့ လက်မှတ် ရေးထိုးကြပါတယ်။
မေး။    ။ ထိုင်းနိုင်ငံထဲကို ရောက်လာတဲ့အခါ  အခြေအနေက ဘယ်လိုလဲ။
ဖြေ။    ။ ထိုင်းဘက်ကို ရောက်တာနဲ့ ကျနော်တို့ ပက်စ်ပို့စာအုပ်ကို ကိုင်ခွင့် မရ လိုက်တော့ဘူး။ ကိုသူရအောင်က ထိုင်းဘက်က PMP ကျနော်တို့ ရောက်ရောက်ခြင်း လာအိုနယ်စပ် ခေါင်ကဲန်ကို ပို့ပေးခဲ့တယ်။ အဲဒီမှာ ဆေးစစ်ပြီးတော့ work permit (အလုပ် လုပ်ကိုင်ခွင့်) လုပ်မရ တာကြောင့် ဘန်ကောက်ကို ပြန်လာခဲ့ရတယ်။ ဘန်ကောက်က တဆင့် ခု sadao ဆာဓဟိုကို ရောက်နေတာပါ။ နောက် အထပ်သား စက်ရုံတစ်ခုမှ ကျနော်တို့ (၂၁) ရက် လုပ်ခဲ့ကြပါတယ်။ အလုပ်ရုံက work permit လုပ်မပေးလို့ ပြောတာကြောင့် ကျနော်တို့က ပွဲစားတွေကို ဖုန်းဆက်ပါတယ်။  ပွဲစားတွေက ဖုန်း မကိုင်ဘူး။ ကျနော်တို့ အားလုံး တိုင်ပင်ပြီးတော့ ပွဲစားတွေလာအောင် ဆိုပြီး အလုပ် တရက် မလုပ်ဘဲ နားလိုက် ကြပါတယ်။ ဒါကြောင့် အလုပ်ရုံက ကျနော်တို့ကို အလုပ်က ထုတ်ပစ် လိုက်ပါတယ်။  ဒီတော့မှ ပွဲစားတွေလည်း ရောက်လာပါတယ်။
မေး။   ။ ဘယ်ကုမ္ပဏီလဲ။ ပွဲစား နာမည်က ဘာတဲ့လဲ ပြောပြပါလား။
ဖြေ။   ။ ကော့သောင်းမှ ကိုရဲသွေးက ရနောင်းက ကိုလှဖုန်း ဆီကို လွှဲတယ်။ သူက တစ်ဆင့် ဘန်ကောက်က လှမင်း ဆိုတဲ့ ပွဲစား ဆီကို လွှဲပါတယ်။  ခုရောက်နေတဲ့ ဆာဓဟိုက ပန်းရံဆိုဒ် တခုကို လာပို့ထားပါတယ်။ ကျနော်တို့ကို ပွဲစားက တရက်ကို (၂၂၀) ရမယ်။ နေ့တိုင်း အချိန်ပို (၂) နာရီ လုပ်ရမယ်။ ကျနော်တို့က ဘတ် (၃၀၀) ရမယ်ဆိုလို့ လုပ်မယ်ဆိုပြီး ဒီကို လိုက်လာ ကြပြန်တယ်။ လုပ်ငန်းခွင်ကို ရောက်လို့ လုပ်ငန်းရှင်နဲ့ ပြောကြတဲ့အခါ အချိန်ပို နေ့တိုင်း မရှိဘူး။  အလုပ်လုပ်မယ့် တူတွှေ လွှတွေ အကုန်လုံး ကိုယ့်ပိုက်ဆံနဲ့ကို ၀ယ်ရမယ်။ ရေကအစ ၀ယ်သုံးရမယ် ဆိုတော့ ကျနော်တို့ မလုပ် ချင်တော့ဘူး။ ဘန်ကောက်က ကိုလှမင်း ဆင်းလာပြီး ကျနော်တို့ မှာ ရှိသမျှ စာရွက် စာတမ်းတွေကို သိမ်းယူသွားတယ်။ ယာယီပက်စ်ပို့ စာအုပ် လိုချင်ရင် ဘတ် (၁၂၀၀၀) ပေးရမယ်။ work permit  ပါ ယူမယ်ဆိုရင် (၁၆၀၀၀) ပေးရမယ်လို့ ပြောပါတယ်။
မေး။  ။ ညီလေးတို့ ပြည်တွင်းမှာ  ငွေအများကြီး ကုန်ကျခံပြီး လာခဲ့တော့ ကိုယ် မှန်းခဲ့သလို မဖြစ်ဘူးလို့ ကျနော် နားလည်တယ်။ ညီလေးတို့လို ပြည်တွင်းက နေပြီးတော့ ပြည်ပကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို ဘာအကြံပြု ပြောချင်လဲ။
ဖြေ။    ။ ကျနော်တို့ လာမယ် လုပ်တုန်းက ပွဲစားတွေက ပြောတယ်။ ကိုယ့်ဆီမှာလို မပင်ပန်းဘူး။ တလကို ကျပ်ငွေ နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ရတယ်လို့ ပြောခဲ့တယ်။ တချို့အိမ်တွေရောင်း၊ လယ်တွေကို ရောင်းပြီးတော့ လာခဲ့ ကြတဲ့သူတွေပါတယ်။ ဒီပုံစံ အတိုင်းဆိုရင် ကျနော်တို့ ဘယ်လို လုပ်ရမလဲ မသိ ဖြစ်နေတယ်။  ကျနော်တို့ ဒုက္ခ ရောက်နေတယ်။ နောက်လူတွေ မလာပါနဲ့လို့ပဲ ပြောချင်ပါတယ်။
(အလွတ်သတင်းထောက် မြတ်ညို ပေးပို့   ပါသည်။)   
by  Arakanreview