
မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ။ ရခိုင် တော်လှန်ရေးခေါင်းဆောင် ဆရာတော် ဦးစိန္တာ။ ကမ္ဘာ့သာသနာပြု ဆရာတော် ဦးစန္ဒြမုဏိနှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဦးသာထွန်းတို့ လေးဦးအား အောက်မေ့ဂုဏ်ပြုသော စာပေဟောပြောပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း အခမ်းအနားစီစဉ်သူ Rat Thai Foundation အဖွဲ့ဝင်နှင့် ရခိုင်လူငယ်ခေါင်းဆောင် ကိုအောင်အောင်လွင်က ပြောသည်။

ယင်းပုဂ္ဂိုလ် လေးဦးထဲတွင် ဆရာတော် ဦးဥတ္တမ အကြောင်းကို သိကြသော်လည်းကျန်ပုဂ္ဂိုလ်များအကြောင်းကိုမူ လူငယ်များ သိသူနည်းပါးလှကြောင်း သိရသည်။
ဆရာတော် ဦးစိန္တာသည် အင်္ဂလိပ်နှင့် ဖက်ဆစ် ဂျပန်တော်လှန်ရေးတွင် မျိုးချစ်စိတ်ပြင်းထန်သော ရခိုင်လူငယ်များကို စုစည်းကာ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း ဆရာတော် ဦးစိန္တာအကြောင်းကို ဟောပြောသူ ဆရာတော် ဦးသုစိတ္တ M.A ( မဟာမေကုတက္ကသိုလ်။ ထိုင်းနိုင်ငံ ) က ´ဖိနှိပ်ခံဘ၀မှ အုပ်ချုပ်သူဘ၀သို့´ ခေါင်းစဉ်ဖြင့် ဟောကြေားရာတွင် ယခုကဲ့သို့ မိန့်ကြားသည်။
'ဆရာတော်ကြီးဟာ ဖိနှိပ်ခံ ပြည်သူတွေ လွတ်မြောက်ဖို့အတွက် ရဟန်းဖြစ်သော်ငြားလည်း လက်နက်ကိုင် လမ်းစဉ်ကို လိုက်ခဲ့တဲ့သူ ဖြစ်တယ်။ ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုရင် မိမိတို့ အမျိုးသားတွေ သူ့ကျွန်ဘ၀မှာ သိမ်သိမ်ငယ်ငယ်နဲ့ နေရတာကို မကြည့်ရက်လို့ အသက်နဲ့ရင်းပြီး တော်လှန်ရေးဆင်နွှဲခဲ့သူဖြစ်တယ်။ ဒီဆရာတော် အကြောင်းကို လူတွေ မေ့ပျောက်နေတာကြာနေပြီ။ ဒီမဟာချိုင်က ရခိုင်လူငယ်တွေ ပြန်လည်ဖော်ထုတ်တဲ့အတွက် ပျောက်ဆုံးနေတဲ့ ရွှေအိုးကြီးကို ပြန်လည်တွေ့ရတယ်လို့ဘဲ ဦးဇင်းပြောချင်တယ်' ဟု ဆိုသည်။
ဦးသုစိတ္တ၏ မိန့်ကြားချက်အရ ဆရာတော် ဦးစိန္တာသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်ပင်ဆွေးနွေးကာ လက်တွဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆရာတော် အရှင်စန္ဒြမုဏိသည် အိန္ဒိယနိုင်ငံတွင် ပျောက်ကွယ်နေပြီဖြစ်သော ဗုဒ္ဓသာသာနာကို ပြန်လည်အသက်သွင်းပေးခဲ့သူ မြန်မာနိုင်ငံသား ရခိုင်လူမျိုး ရဟန်းတော်တပါးဖြစ်ကြောင်း ဦးဓမ္မသီရိ (M.A. နာလန္ဒ တက္ကသိုလ် အိန္ဒိယ) က 'အိန္ဒိယမှာ ပွင့်တဲ့ ရခိုင်သဇင်တခက်' အမည်ဖြင့် ဟောပြောသွားသည်။

ထို့ပြင် ရခိုင်မြန်မာ ပဏ္ဍိတ်ဘွဲ့ကို ဦးနုအစိုးရလက်ထက် ပေးအပ်ခံခဲ့ရပြီး ရှစ်လေးလုံးအရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး ဦးဦးသာထွန်း၏ သမိုင်းအကျဉ်းကို ရခိုင်အမျိုးသား သတင်းစာ အုပ်ချုပ်ရေးမှူး ကိုခိုင်မျိုးချစ်ထွန်းက ပြောပြသွားသည်။
သတင်းသမဂ္ဂ ဒုဥက္ကဌ ဆရာဦးဇင်လင်းက 'ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်ကို ဖယ်ရှားပစ်ကြ' ဟူသော ဆရာတော် ဦးဥတ္တမ၏ စကားကို ခေါင်းစဉ်လုပ်ကာ မြန်မာ့အရေးကို လူငယ်များ စိတ်ဝင်စားပြီး အမျိုးသားရေး တိုင်းပြည်အရေးတွင် ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။
ချစ်သော မြန်မာပြည်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝေက ရခိုင်ရိုးရာ သီချင်းတပုဒ်ဖြစ်သော သျှိုင်ဒိုင်အက သီချင်းဖြင့် သီဆိုပြကာ သူဟောနေကျ ´ဆရာတော် ဦးဥတ္တမရယ် မျိုးဆက်သစ် ရခိုင်လူငယ်များနှင့် ကျနော်´ ကို ဟောပြောသွားသည်။
မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း နိုင်ကားရော့ကလည်း ထိုင်းရောက် လူငယ်များအနေဖြင့် ရနိုင်သရွေ့ ပညာကို မရရအောင် ကြိုးစားရှာဖွကြဖို့ ဆရာတော် ဦးဥတ္တမသည် သူ၏ငယ်ဘ၀တွင် ပညာကို အပတ်တကုတ်ကြိုးစားကာ ပညာပြည့်ဝသောအခါ အမိမြန်မာနိုင်ငံ လွတ်မြောက်ရေးတိုက်ပွဲတွင် အစပထမ ဦးဆောင်ကြိုးပမ်းခဲ့သူ ဖြစ်သောကြောင့် လွတ်လပ်ရေး မီးရှူးတန်းဆောင်ဟူသော သူများမရနိုင်သော ဂုဏ်ပုဒ်ကို ရရှိခဲ့ဖြစ်ကြောင်း ပြောဆိုသည်။
ထို့ပြင် မြန်မာတနိုင်ငံလုံးအတွက် အရေးပါသော ဧရာဝတီမြစ်ကယ်တင်ရင်း ကမ်ပိန်းတွင် ပါဝင်ကြရန်လည်း နှိုးဆော်သွားသည်။
နောက်ဆုံး အစီအစဉ်တွင် ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာ ဦးဌေးဝင်းက 'ရခိုင်သားဆိုလျှင် အစွမ်းဖော်ပါ' ဟူသော ခေါင်းစဉ်ဖြင့် ဟောကြားသွားခဲ့သည်။ ယင်းဟောပြောချက်တွင် နာမည်ကြီး ရခိုင်အဆိုတော် တဦးဖြစ်သော ၀င်းကိုခိုင်၏ ´မဟာနွယ်´ သီချင်းကို တက်ရောက်နားထောင်သူ ထောင်နှင့်ချီသည့် ပရိသတ်များနှင့် တက်တက်ကြွကြွ သီဆိုသွားခဲ့သည်။
ယနေ့အခမ်းအနားသို့ မဟာချိုင်ဒေသမှ လူများအပါအ၀င် ဘန်ကောက်နှင့် လပ်ဘူရီအစရှိသော မြို့များမှပါ လာရောက်ကြသဖြင့် ပရိသတ် ၁၀၀၀ ကျော်ခန့်ရောက်ရှိခဲ့ကြောင်း စီစဉ်သူများက ပြောပြကြသည်။ ဤအခမ်းအနားသည် ရွှေ့ပြောင်း ရခိုင်အလုပ်သမားများက မိမိချွေးနဲစာများဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းတွင်ပြုလုပ်သော ရွှေ့ပြောင်းအလုပ်သမားများ၏ အစည်ကားဆုံးပွဲတပွဲဖြစ်ကြောင်း ဆရာ ဦးဇင်လင်းက ချီးမွှမ်းစကား ပြောဆိုသွားခဲ့ကြောင်း သတင်းရရှိသည်။