ဘင်္ဂလာသို့ ရခိုင့်သစ်တင်ပို့သူ ရခိုင်အမျိုးသားတဦး သေဆုံးမှု အဖြေမှန်မပေါ်သေး

    Author: Unknown Genre:
    Rating

    ဘင်္ဂလာသို့ ရခိုင်ပြည်တောင်ကုတ်မြို့နယ်မှ ရေကြောင်းလမ်းအတိုင်း ရခိုင့်သစ်တင်ပို့လာသူ ရခိုင်အမျိုးသား သစ်အရောင်းအ၀ယ် စီးပွားရေးသမားတဦး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က သေဆုံးသွားခဲ့မှုမှာ မည်သည့်ရောဂါဖြင့် ဆုံးသွားသည်ဟု အဖြေမှန်ကို မသိရသေးကြောင်း သတင်းရရှိသည်။

    ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ဆိပ်ကမ်း၌ သေဆုံးသွားသော ရခိုင်အမျိုးသား ဦးမောင်အေးနိုင်(၃၅)နှစ်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှဖြစ်ကြောင်းနှင့် ဦး မောင်သိန်းဋ္ဌေး၏ သားဖြစ်ကြောင်း သိရှိရသည်။

    ဦးမောင်အေးနိုင် (၃၅)နှစ်မှာ သစ်သင်္ဘောဖြင့် အောက်တိုဘာလ(၂၂)ရက်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်တာခ်နာမြို့သို့ ရောက်ရှိခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော အင်္ဂါနေ့က နေမကောင်းဖြစ်၍ ကော့စ်ဘဇာမြို့ Fouad Al-Khateeb Hospital Coxsbazar ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က တာခ်နာသို့ ပြန်လည်ရောက်လာပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ကောစ့်ဘဇားမြို့မှ ယနေ့ထုတ် DAINIK COX’S BAZAR သတင်းစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

    ရခိုင်ပြည်-ဘင်္ဂလာအကြား နယ်စပ်စီးပွားရေးသမား အကြီးအကဲတဦးဖြစ်သူ မိုဟာမတ် အာယာစ် က “သေဆုံးသွားသော မောင်အေးနိုင်မှာ ကျနော်သစ်တွေကိုယူဆောင်ပြီး ဒီကိုလာခဲ့တာပါ။”ဟု ပြောဆိုကြောင်း သတင်းစာက ဖေါ်ပြထားသည်။

    တာခ်နာမြို့ အခြေစိုက် ရဲဋ္ဌာနမှ အကြီးအကဲ မာဟာဘုဘုလ် ဟောက် က “သေဆုံးသွားသော မြန်မာနိုင်ငံသားတဦးကို လက်ခံရရှိပါတယ်၊ သေဆုံးသွားတဲ့ အခြေအနေတွေကို ဥပဒေအရ ဆောင်ရွက်နေပါတယ်။”ဟု ပြောဆိုကြောင်း ဆိုသည်။  

    သို့သော်လည်း သေဆုံးသွားခဲ့သော ဦးမောင်အေးနိုင်မှာ မည်သည့်ရောဂါ ကူးစက်မှုဖြင့် သေဆုံးသွားကြောင်း မသိရသေးပေ။

    ----------
    ဂစ္ဆပသတင်းဋ္ဌာန