ရေတပ်သား တစ်ဦး၏ မယား အဖြစ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ ရခိုင် အမျိုးသမီးငယ် တစ်ဦး အဆိပ်သောက်သေဆုံး

    Author: Unknown Genre:
    Rating

    စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ ဆယ်ကျော်သက် အရွယ် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား ရေတပ်သား တစ်ဦးမှ ခိုးယူပြီး လက်ထပ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ အမျိုးသမီးငယ်မှာ ရေတပ်ဝင်းထဲတွင် အဆိပ်သောက် သေဆုံးသွားကြောင်း သတင်း ရရှိသည်။


    Burmese-Navy-in-Mungai-Port မင်းဂံ ဆိပ်ကမ်းတွင် ကပ်ထားသော ဗမာ နေဗီ တစ်စီး ( ဓါတ်ပုံ- နိရဉ္စရာ)
    အဆိပ်သောက် သေဆုံးသွားသူမှာ စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ (အဖ) ဦးနိုင်မိုး၊ (အမိ) ဒေါ်မိုးစန္ဒာတို့၏ သမီး မမိုးမိုးအိခိုင် (၁၉ နှစ်) ဖြစ်သည်။

    ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူမနှင့် ဆွေမျိုးတော်သူ တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။

    " ရေတပ်သား နာမည်က သူရ၀င်း၊ ဗမာ အမျိုးသား ဖြစ်ပါတယ်။ ဆတ်ရိုးကျ ရွှေမင်းဂံ ရေတပ် စခန်းက ဖြစ်ပါတယ်။ မမိုးမိုးအိခိုင်ကို လွန်ခဲ့တဲ့ စနေနေ့က ခိုးယူသွားပါတယ်။ အဲသလို ခိုးယူပြီးတဲ့ နောက်မှာ တရားဝင် လက်ထပ်ယူဖို့ ငြင်းပယ်တဲ့ အတွက် အဲဒီ ရေတပ် စခန်းဝင်းထဲက စားသောက်ဆောင်မှာဘဲ တနင်္လာနေ့ ညနေမှာ မမိုးမိုးအိခင် အဆိပ်သောက်ပြီး သေဆုံးသွားခဲ့ပါတယ်" ဟု ပြောသည်။

    မမိုးမိုးအိခင်အား သူရ၀င်းက ဒီဇင်္ဘာလ ၂၄ ရက် စနေနေ့က ခိုးယူသွားခဲ့ကြောင်း၊ တနင်္ဂနွေနေ့ တစ်နေ့လုံး ပျောက်နေပြီး တနင်္လာနေ့ နံနက်တွင် ရွှေမင်းဂံ ရပ်ကွက်ရှိ သူမ အိမ်သို့ ပြန်ရောက် လာခဲ့ကြောင်း၊ မိခင်ဖြစ်သူက ပြစ်တင် ကြိမ်းမောင်းရာမှ မမိုးမိုးအိခင်မှာ ရေတပ်ဝင်းထဲသို့ ပြန်သွားခဲ့ကြောင်း၊ ညနေပိုင်းတွင် တပ်ကြပ်ကြီး တစ်ဦးမှ သူမ မိခင် ဖြစ်သူထံသို့ လာရောက်ပြီး မမိုးမိုးအိခင်မှာ ရေတပ် စားသောက်ဆောင်ထဲတွင် လဲနေပြီး အခြေအနေဆိုးရွားနေကြောင်း လာရောက် အကြောင်းကြားခဲ့သည်ဟု သိရသည်။

    " မိခင် ဖြစ်သူက လိုက်သွားတဲ့ အခါ ရေတပ်ဝင်းထဲက မမိုးမိုးအိခင်က ပါးစပ်က အမြုပ်တွေ ထွက်ပြီး သတိလစ်နေတယ်။ ချက်ချင်း ဆေးရုံကို ယူတယ်။ ဒါပေမယ့် အခြေအနေက အရမ်းဆိုးရွားနေပြီ ဖြစ်တယ်။ ဆေးရုံ အရောက်မှာဘဲ အသက်ဆုံးသွားခဲ့ပါတယ်" ဟု သူက ဆက်ပြောသည်။

    မမိုးမိုးအိခင်မှာ အိမ်က ရေတပ်ထဲသို့ ပြန်လာပြီး ညနေ ၅ နာရီခန့်တွင် ရေတပ်ဝင်းထဲရှိ စားသောက်ဆောင်တွင် အဆောက်သောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    အဆိုပါ မမိုးမိုးအိခိုင် သေဆုံးမူနှင့် မိဘ နှစ်ပါးမှ ကျေနပ်မူ မရှိသဖြင့် ရေတပ်ထဲသို့ သွားရောက်ပြီး သူတို့၏ သမီးသေဆုံးမူနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုရာ အဆိုပါ စခန်းတွင် တာဝန်ကျနေသော ဗိုလ်မှူးကြီး တစ်ဦးက ရဲစခန်းတွင် အမူဖွင့် မတိုင်ကြားရန်နှင့် အဆိုပါ ကိစ္စကို သူတို့ ဖြေရှင်းပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။

    ယခုအချိန်ထိ စစ်တွေ ပြည်သူ့ ဆေးရုံကြီးမှလည်း မမိုးမိုအိခိုင် သေဆုံးမူနှင့် ပတ်သက်ပြီး ဆေးစစ်ချက်ကို တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သိရသည်။

    မမိုးမိုးအိခင်မှာ သာမန် ရပ်ကွက်သူ တစ်ဦး ဖြစ်ပြီး မိဘများမှာ ဆင်းရဲပြီး ကုန်တင် ကုန်ချ လုပ်ကိုင်သူများ ဖြစ်ကြသည်ဟု သိရသည်။


    -------------------------------------------------------------------------------------------------------------------------------
    .: နိရဉ္စရာမှ