တိုင်းရင်းသားအရေး တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိလား

    Author: Unknown Genre: »
    Rating

    အတိုက်ခံပါတီတွေ ကိုယ်ကနေ အရင်ဦးဆောင် လုပ်ရတဲ့ ပေါ်လစီ (Proactive) တွေ သိပ်မရှိဘူးလို့ ကောင်းဝါသတင်း မြန်မာပိုင်းမှာ ဝေဖန် အကြံပြုထားတာကို ဖတ်ခဲ့ရပါတယ်။ လှုပ်ရှားမှုနေရာမှာ စစ်အစိုးဘက်ကသာ အရှေ့က သွားနေပြီး အပစ်ခတ်ရပ်စဲ ငြိမ်းချမ်းရေး ရယူထားတဲ့ အနှစ် (၂၀) ကာလအတွင်း စစ်အစိုးရ (သို့) မဟာဗမာ လူမျိုးရေး ခံယူထားတဲ့ အုပ်စုတွေ အာဏာတည်မြဲဖို့အတွက် ပြင်ဆင်ချိန် ပေးလိုက်သလို အကျိုးသက်ရောက်သွားတယ်လို့ ရေးထားခဲ့တယ်။

    ဟုတ်ပါတယ်။ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူထားတဲ့ အနှစ် (၂၀) ကာလအတွင်း တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရပိုင်ခွင့် ဘာမှ မရရှိခဲ့ပါဘူး။ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တောင်းဆိုမှုတွေမှာလည်း မရရှိခဲ့ပြန်ဘူး။ ငြိမ်းချမ်းရေး ရယူထားတဲ့ ခုနှစ်တွေအတွင်း စစ်အစိုးရ စိတ်ကြိုက်တဲ့ အမျိုးသားညီလာခံ ကျင်းပနိုင်ရေးနဲ့ ပြည်သူလူထုကို လွှမ်းမိုးပြီး လက်ဝါးကြီးအုပ်စနစ်နဲ့ အုပ်ချုပ်နိုင်မယ့် စစ်တပ် တမတ်သား အခြေခံ ဥပဒေကို ရေးဆွဲနိုင်ဖို့ မဟာဗမာတွေ မျှော်မှန်းထားတဲ့အတိုင်း သဘောတူလိုက်သလို ဖြစ်သွားခဲ့တယ်။

    စစ်တပ် တမတ်သား အခြေခံ ဥပဒေဟာ အသက်ဝင်လာသလို ၂၀၁၀ ရွေးကောက်ပွဲလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကလည်း လက်နက်ကိုင် တိုင်းရင်းသားတွေအပေါ် မီးစတဖက်၊ ရေမှုတ် တဖက် မူဝါဒ လက်ကိုင်ထားတဲ့ ဦးသိန်းစိန် အစိုးရသစ်ကို ၂၀၁၄ ခုနှစ် အတွက် ဥက္ကဌနေရာ ပေးဖို့ ဆုံးဖြတ် သဘောတူခဲ့တယ်။ ဦးသိန်းစိန် အစိုးရရဲ့ လှုပ်ရှားမှုကို အာဆီယံနိုင်ငံတွေ ဘယ်လောက်ထိ အသိမှတ်ပြုထားသလဲဆိုတာ မေးခွန်းထုတ်စရာ မလိုပါ။

    အာဆီယံ နိုင်ငံတွေဟာ မိမိတို့ ကိုယ်တိုင် ပြည်တွင်းတော်လှန်ရေးနဲ့ ဆက်စပ်နေပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တီမောရဲ့ ခွဲထွက်ရေးကို ကြုံတွေ့ ခံစားခဲ့ရတယ်။ ပုန်ကန်နေတဲ့ အာချေးလူမျိုးကို ကိုယ်ပိုင်ဥပဒေ ပြဌာန်းခွင့် ပေးခဲ့တယ်။ ဖိလစ်ပိုင်ကတော့ နှစ်တွေကြာညောင်းပြီ ဖြစ်တဲ့ ပြည်တွင်းတ်ာလှန်ရေး ပဋိပက္ခကို ဖြေရှင်းလို့ မရသေး။ ထိုင်းမှာဆိုရင် မွတ်စလင်နဲ့ အစိုးရကြား နိုင်ငံရေး ပဋိပက္ခကြောင့် ပြည်သူလူထုတွေ ထောင်ဂဏန်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီသုံးနိုင်ငံဟာ အာဆီယံမှာ သြဇာကြီးမားတဲ့ နိုင်ငံတွေ ဖြစ်ပြီး မြန်မာပြည်က တိုင်းရင်းသားအရေးကို စိတ်ဝင်စားပုံ မပေါ်ပါဘူး။

    မြန်မာပြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍ တနည်းတဖုံ ပြောင်းလဲလာခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ချင်နေတဲ့ ပုဂ္ဂိုလ်တွေ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် စိုင်းပြင်းနေကြပါပြီ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးခွန်း အနည်းငယ် ထုတ်ချင်တယ်။ စစ်တပ် တမတ်သား အခြေခံ ဥပဒေ မပြောင်းလဲခဲ့သော်ငြားလည်း ဒါတွေကို လက်ခံဖို့ စိတ်ထဲမှာ အသင့်ရှိနေခဲ့ရင် ၂၀၁၀ ရွေးကောက်ပွဲကို ဘာလို့ ဆန့်ကျင်ရတာလဲ။ ရွေးကောက်ပွဲ ဝင်သူတွေအပါ် စိတ်ဝမ်းကွဲအောင် ဘာကြောင့် လုပ်ရတာလဲ။

    လွှတ်တော်ထဲမှာ မိမိတို့ရဲ့ ကိုယ်စားလှယ် မရှိခဲ့ရင် မိမိလူမျိုးရေးအတွက် (သို့) မိမိလူထုအတွက် တောင်းဆိုတင်ပြလို့ ရမှာ မဟုတ်ဘူးလို့ ယုံကြည်ထားခဲ့ရင် ပြည်သူလူထုတွေ မဲဆန္ဒရုံ မသွားဖို့ မလုံလောက်တဲ့ တိုက်တွန်း နှိုးဆော်ချက်ကို ဘာလို့ လုပ်ရတာလဲ။

    တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုစည်းညီညွတ်မှု မရှိသရွေ့တော့ တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် လက်ရှိအစိုးရက ရှောင်ရှားချိန် ရနေဦးမှာပဲ။ အခြေခံဥပဒေတွေ တရားဝင် တဖန်ပြန်ရေးဆွဲခွင့် ရဖို့အတွက် မဖြစ်နိုင်ပါဘူး။ တိုင်းရင်းသားတွေရဲ့ အသံ တသံတည်းမဖြစ်ရင် တောင်းဆိုနေတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ၊ အထူးသဖြင့် ဖက်ဒရယ်အရေး ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ လူမျိုးစုံ ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မျှော်မှန်းချက်ဟာလည်း အနှစ် ၂၀ လောက် ကြာသွားနိုင်တယ်။

    တိုင်းရင်းသားတွေဟာ ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ အစိုးရရဲ့ လှည့်ကွက်ထဲ ပြန်မရောက်သွားဖို့ အထူးသတိထားသွားရပါလိမ့်မယ်။ အစိုးရက ငြိမ်းချမ်းရေးအတွက် UNFC ကို ကမ်းလှမ်းလာရင် “ပြည်တွင်းမှာ ရှိနေတဲ့ အတိုက်အခံပါတီတွေရဲ့ တောင်းဆိုချက်ကို အရင် လိုက်လျောပေးပါ။ တိုင်းရင်းသားတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေး အရင်လုပ်ပါ” ဒါတွေကို တောင်းဆိုပြီးတော့မှ စကားပြောဖို့ လက်ခံပါ။

    UNFC နဲ့ အစိုးရကြား စကားပြောဖြစ်ရင် ဒိုင်ခံပေးမယ့် နိုင်ငံတကာက အဖွဲ့တခု ရှိဖို့လိုမယ်။ အထူးသဖြင့် အာဆီယံ၊ ကုလသမဂ္ဂ (သို့) အပြည်ပြည်ဆိုင်ရာ အဖွဲ့စည်းတခု ပါဝင်ပေးနိုင်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

    ဖက်ဒရယ် စနစ်ဟာ တိုင်းရင်းသားတွေ မျှော်လင့်တောင့်တနေတဲ့ အုပ်ချုပ်ရေးစနစ်တခု ဖြစ်ပါတယ်။ ဗမာနဲ့ အခြားတိုင်းရင်းသားတွေကြား တန်းတူရေး ဖြစ်ဖို့ သိပ်အရေးကြီးတဲ့ စနစ်တခု ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို ဖေါ်ဆောင်နိုင်ဖို့ ခက်ခဲနေပေမဲ့၊ လက်ရှိအစိုးရအဖွဲ့ဟာ တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေးတွေ မပေးနိုင်သေးသရွေ့တော့ လက်နက်ကိုင် ပဋိပက္ခဟာလည်း ဆက်ရှိနေဦးမှာပဲ။

    ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးဟာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခနဲ့ ပြည်တွင်းစစ်မီးကို အဆုံးသတ်နိုင်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။

    တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လွှတ်တော်ထဲက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ မပြုပြင် မပြောင်းလဲနိုင်သေးသရွေ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဟာလည်း အစိုးရရဲ့ မာယာစက်ကွင်းထဲ ရောက်မသွားဖို့ သတိထားရမယ့် အချက်တခု ဖြစ်ပါတယ်။