ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ပန်းမြောင်းဈေးမှာ ကမ်းပါး ပြိုကျခဲ့သဖြင့် ဆိုင်ခန်း ၁၀ ခန်းကျော် မြစ်ထဲသို့ ထိုးကျ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဈေးသည် ယခင်က မြစ်ကမ်းနှင့် အတော်အတန် ဝေးသော်လည်း ကမ်းပါးပြိုခြင်းများ ဖြစ်စဉ် ဖြစ်ပေါ်လာသဖြင့် ယခုနှစ်တွင် ပိုမို ထိခိုက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ မိုးတွင်းကာလအတွင်း တောင်ကျရေနှင့် ရေကြီးရေလျံခြင်းများ ဖြစ်ပေါ်ပြီးတိုင်း ကမ်းပါးပြိုကျလေ့ရှိကြောင်း၊ သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ ကမ်းပါး ပြိုကျလာခဲ့ရာ ၂၀ ရက်နေ့ အထိ ဆိုင်ခန်း ၁၀ ခန်းကျော် ကမ်းပါးပြိုကျရာတွင် ပါသွားခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
''ရေလမ်းကြောင်းက ဈေးကို တည့်တည့် ၀င်လာတော့ ကမ်းပါးအောက်ခြေ လှိုက်စားပြီး ပြိုကျတယ်။ အခုဆိုရင် ပန်းမြောင်းဈေးဟာ သုံးပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ်။ အိမ်ဆိုင်လို ဖွင့်ထားတဲ့သူတွေလည်း မနေရဲတော့ဘူး။ ပြောင်းနေကြရတယ်။ ဈေးကို မရွှေ့ပြောင်းရင် မဖြစ်တော့တဲ့ အခြေအနေမှာ ရောက်နေပါပြီ။ ၂၀ ရက်နေ့အထိ ဆိုင်ခန်း ၁၀ ခန်းကျော် ကမ်းပါးပြိုတဲ့အထဲ ပါသွားတာ''ဟု ပန်းမြောင်းရွာသားတစ်ဦးက ပြောကြားခဲ့သည်။
''တကယ်တော့ မူလ သတ်မှတ်ထားတဲ့ ဈေးဧရိယာက အကျယ်ကြီးဗျ။ ဟိုကတိုးချဲ့၊ ဒီကတိုးချဲ့၊ အိမ်တွေဆောက် ဆိုတော့ ဈေးက ကျဉ်းသွားတယ်။ ကမ်းပါးပြိုတော့ ကံကောင်းလို့ လူတွေမသေတာ။ ပြိုပြီး ထွက်ပြေးနေလို့ပေါ့။ တချို့ဆို ပစ္စည်း အနည်းအကျဉ်း ပါသွားတယ်လို့ သိရတယ်''ဟု ဈေးအနီး နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
ပန်းမြောင်းဈေးသည် မင်းပြား မြို့နယ် ဖြစ်သော်လည်း မြောက်ဦး မြို့နယ်နှင့် မြစ်တစ်ခုသာခြားပြီး မြောက်ဦးနှင့်နီးသော ရွာကြီးတစ်ရွာ ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိ အနေအထားအရ ဈေးသည်များ အနေဖြင့်
လမ်းမပေါ်တွင်တင်ပြီး ရောင်းချကြရသကဲ့သို့ ဈေးနေရာအား ပြောင်းရွှေ့ရေး အတွက် လိုအပ်လျက် ရှိကြောင်းလည်း သိရှိရသည်
မင်းပြားမြို့နယ်၌ မြစ်ကမ်းပါး ပြိုကျ(ဗမာ၊မြန်မာဘာသာ)
Author:
Unknown
Genre:
Rating
Posted by Unknown
Posted on