မြန်မာပါ့စ်ပို့ဖြင့် ခရီးနှင်လာသည့် အမျိုးသမီးတဦး ဘင်္ဂလာတွင် ရွှေ (၁၄)ကျပ်သားဖြင့် ဖမ်းဆီးခံရ

    Author: Unknown Genre:
    Rating


    မြန်မာပါ့စ်ပို့ဖြင့် ခရီးနှင်လာသည့် အမျိုးသမီးတဦး ဘင်္ဂလာတွင် ရွှေ (၁၄)ကျပ်သားဖြင့် ဖမ်းဆီးခံရ

    မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် မောင်တောမြို့ဆိပ်ကမ်းမှ ဘင်္ဂလာ တာခ်နာဆိပ်ကမ်းသို့ မြန်မာပါ့စ်ပို့ဖြင့် တရားဝင် ခရီးနှင်လာသူ မြန်မာ့အမျိုးသမီးတဦး အိမ်အပြန်တွင် ဆိပ်ကမ်း၌ ရွှေ(၁၄)ကျပ်သားဖြင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)ထံ သြဂုတ်လ (၆)ရက်နေ့က ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

    ဘင်္ဂလာ ရွှေ (၁၄)ကျပ်သားဖြင့် ဖမ်းဆီးခံရသည့် မြန်မာ့မူဆလင် အမျိုးသမီးမှာ ပါလာသည့် တာကာ (၃၀၀၀၀)ပါ သက်ဆိုင်ရာထံ အသိမ်းခံလိုက်ရကြောင်း သိရှိရသည်။

    ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ ဆာမီမာ ဖြစ်ပြီး မောင်တောမြို့ မောင်နီကျေးရွာမှ ဖြစ်ကြောင်းနှင့် လင်ယောက်ျားမှာ နုရေရ် ဖြစ်ကြောင်း သိရှိရသည်။
    ဆာမီမာ မှာ လွန်ခဲ့သော ဇူလှိုင်လ (၇)ရက်နေ့က ပါ့စ်ပို့ဖြင့် တရားဝင် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ နယ်စပ်ဖြတ်ကျော်ခဲ့ကြောင်း၊ သူမ၏ ပါ့စ်ပို့တွင် ဘင်္ဂလာ၌ နေထိုင်ခွင့်ရက်မှာ ဇူလှိုင်လ (၁၉)ရက်နေ့တွင် ကုန်လွန်သွားခဲ့သော်လည်း သက်ဆိုင်ရာသို့ တစုံတရာ အကြောင်း ကြားခြင်းမရှိဘဲ သြဂုတ်(၆)ရက်နေ့ အပြန်တွင် ဘင်္ဂလာ လူဝင်မှုကြီးကြပ်ရေးဋ္ဌာန၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

    အဆိုပါ အမျိုးသမီးကို တာခ်နာအခြေစိုက် ရဲဋ္ဌာန အရာရှိ မာဟ်ဘူဘူလ် ဟောက် မှ ဥပဒေအရ စစ်ဆေးအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

    ဖမ်းဆီးခံရသည့် အမျိုးသမီးတွင် ပါလာသည့် ရွှေ(၁၄)ကျပ်သားမှာ လက်ကောက်အကြီး(၆)ကွင်း၊ လက်ကောက်အငယ် (၂)ကွင်း၊ ကြိုးကြီး (၂)ပင်၊ ကြိုးငယ်(၁)ပင်၊ လက်စွပ်အကြီး (၂)ကွင်း၊ လက်စွပ်အငယ်(၁)ကွင်း၊ ဘတ်ဆ်လေ့တ် (၁)ခုနှင့် နားဒေါင်း(၁)စုံတို့ ပါဝင်ကြောင်း သိရှိရသည်။
    ---------------------

    ဂစ္ဆပသတင်းဋ္ဌာန