စစ်အာဏာ သိမ်းနေ့က စစ်တွေမှာ ကျဆုံးခဲ့ရတဲ့ ဆရာခင်မောင်ဝင်း အမှတ်တရ
    Author: Unknown Genre:
    Rating
    ၁၉၈၈ ခုနှစ် စက်တင်္ဘာလ ၁၈ ရက် စစ်တပ်က အာဏာ သိမ်းတဲ့ နေ့မှာ ဒီမိုကရေစီအရေး လူပ်ရှားတက်ကြွသူ တစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဆရာခင်မောင်ဝင်းဟာ စစ်တပ်က ချိန်ရွယ်ပစ်ခတ်တဲ့ သေနတ် ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့ရပါတယ်။ ဆရာ သေဆုံးချိန်မှာ ဆရာဟာ အသက် ၃၄ နှစ်သာ ရှိသေးပြီး သုံးဆောင်ရွာ မူလတန်းကျောင်းမှာ ကျောင်းအုပ် ဆရာကြီး အဖြစ် တာဝန်ယူ ထမ်းရွက် နေတဲ့ကာလလည်း ဖြစ်ပါတယ်။ ဆရာဟာ လူချစ် လူခင်ပေါများပြီး အများ အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ တစ်ဦးဖြစ်တာကြောင့် စစ်အာဏာရှင်တွေက လူငါးယောက်ထက် မစုရဘူးလို့ အမိန့် ထုတ်ထားတဲ့ ကြားထဲက ဆရာ့ အသုဘကို လူတွေ သောင်းချီပြီး လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီနေ့က ဘယ်သူမှလည်း ကားမစီးခဲ့ဘူး။ ဆရာအလောင်းကို တယောက် တလှည့်စီ ထမ်းရင်း အာဂျိတ်တောင် သချိုင်းထိ အရောက် ပြည်သူတွေ လိုက်ပါ ပို့ဆောင်ပေးခဲ့ပါတယ်။ ဆရာ့ကိုလည်း ရှစ်ဆယ်ရှစ် သူရဲကောင်း အဖြစ် မော်ကွန်းထိုးပြီး ဆရာအတွက် ကျောက်တိုင်လေး တစ်ခုကို စိုက်ထူ ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီကနေ့ ဆရာ ခင်မောင်ဝင်း ကျဆုံးသွားတာ ၂၃ နှစ်ရှိပါပြီ။ သူ့အကြောင်း မသိသေးတဲ့သူတွေ သိရှိအောင်နဲ့ သိပီးသား လူတွေကလည်းဆရာကို အမှတ်တရ ဖြစ်စေဖို့ ရည်ရွယ်ပြီး သူကျဆုံးသွားခဲ့တဲ့ စစ်အာဏာ သိမ်းတဲ့ နေ့မှာ သူ့အကြောင်းကို ရင်းရင်းနှီးနှီး သိရှိတဲ့ အမျိုးသားရေး နိုင်နိုင်နဲ့ တွေ့ဆုံမေးမြန်းပြီး ဖေါ်ပြ ပေးလိုက်ပါတယ်။
    Khin-Mg-Win စစ်အာဏာရှင်တွေကို စိန်ခေါ်ပြီး ဆရာခင်မောင်ဝင်းအသုဘကို လူတွေခုလို လိုက်ပါ ပို့ဆောင်ပေးခဲ့ကြတယ်။
    မေး။ ။ ဆရာ အာဏာသိမ်းတဲ့နေ့က ဘယ်လို့ ကျဆုံးသွားခဲ့ရတယ်ဆိုတာ နည်းနည်း ပြောပြပေးပါ။
    နိုင်နိုင်။ ။ ၈၈ အာသိမ်းတဲ့ နေ့မှာ စစ်ကားတွေ မြို့ထဲကို ၀င်လာလို့ မရအောင် ဆရာတော် ဦးဥတ္တမလမ်း ထောင့်မှာ ကျွန်တော်တို့ နဲ့အတူ ဆရာခင်မောင်ဝင်း ဦးဆောင်ပြီးတော့ အတားအဆီးတွေ လုပ်ကြပါတယ်။ အဲဒီအချိန်မှာ ဆရာခင် မောင်ဝင်း ကိုယ်တိုင် လမ်းဆုံက အပင်ကို လှဲပါတယ်။ အဓိကတော့ စစ်ကားတွေ မ၀င်နိုင်အောင် အဲဒီ ရှိနေတဲ့ ဒန့်သလွန်ပင်ကို လှဲလိုက်ပါတယ်။ ပြီးရင် လမ်းဒီဘက်ကိုအကူးမှာ စစ်တပ်က ချိန်ရွယ် ပစ်ခတ်လိုက်တဲ့ ကျဉ်ဆန် တစ်တောင့် ဆရာခင်မောင်ဝင်း ရင်ဘတ်ကို ၀င်သွားပါတယ်။ ကျွန်တော်တို့လည်း ဆရာ ခင်မောင်ဝင်း ကိုထမ်းပြီး ဆေးရုံကို ယူသွားပါတယ်။ ဒါပေမဲ့ ဆေးရုံကို ယူတဲ့အချိန်မှာ အခက်အခဲ အမျိုးမျိုး ကြောင်း ဆေးရုံကို အချိန်မှီ မရောက်နိုင်ပါ။ အဲဒီအချိန်မှာ လမ်းမှာဘဲ ဆရာဝန်မ တယောက်ကိုပြလို့ အသက်ကယ် ဆေးတလုံး ထိုးပေးလိုက် ပါတယ်။ ဒါပေမဲ့ သွေးလွန်ပြီး လမ်းမှာဘဲ ဆရာခင်မောင်ဝင်း ဘ၀တပါးကို ပြောင်း သွားပါတယ်။
    မေး။ ။ ဆရာရဲ့ အကြောင်းလည်း နည်းနည်း ပြောပြပေးပါ။
    နိုင်နိုင်။ ။ ဆရာခင်မောင်ဝင်းဟာ ကျောင်းသားလူငယ်ဘ၀မှာကတည်းက အလွန် ထူးချွန်တဲ့ ကျောင်းသား တဦး ဖြစ်ပါတယ်။ နိုင်ငံရေးမှာလည်း တက်ကြွတဲ့ လူငယ်တဦးဖြစ်ပါတယ်။ ဆရာဟာ အမျိုးကို ချစ်သူ တဦး ဖြစ်တာကြောင့် ရခိုင် သမိုင်းမှာ ထင်ရှားခဲ့တဲ့ မင်းသားကြီး ရွီဘန်းနဲ့နှိုင်းယှဉ်ပြီး ဆရာ ခင်မောင်ဝင်းကို ကိုရွီဘန်းလို့ ဆရာခင်မောင်ဝင်း သူငယ်ချင်းတွေက အမြဲတမ်း ခေါ်ကြ ပါတယ်။ လူမှုရေး ကိစ္စတွေမှာလည်း စိတ်အားထက်သန်တဲ့ ဆရာတယောက်ဖြစ်ပါတယ်။ ဆရာခင် မောင်ဝင်းဟာ ရန်ကုန် တက္က သိုလ်က ဘွဲ့ရပြီးနောက်မှာ စစ်တွေမြို့မှာ အလွန်ဆင်းရဲတဲ့ သုံးဆောင်ရွာ မှာ အ-မ-က ကျောင်းအုပ် ဆရာကြီး အဖြစ် အနစ်နာခံပြီး ဆောင်ရွက်ခဲ့တယ်။ ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေး ဘာသာရေး လုပ်ငန်းတွေမှာလည်း ရှေ့ တန်းက ပါဝင်ခဲ့ပါတယ်။ မြန်မာ့ လွတ်လပ်ရေး မီးရှုး တန်ဆောင် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားတွေ ၊ ၁၃ သြဂတ်(စ်) ဆန် ပြဿနာနေ့တွေမှာ အမြဲတမ်းဦးဆောင်ပြီး တက်တက်ကြွကြွ ပါဝင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြေအောက်မှာ လှုပ်ရှားခဲ့သူ တယောက်လည်း ဖြစ်ပါ တယ်။ ရှစ်လေးလုံး အရေးအခင်းမှာလည်း ဆရာများ သမဂ္ဂ အတွင်းရေးမှူး အဖြစ် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပါတယ်။ အဲသလို တက်ကြွတဲ့ ဆရာဟာ စစ်တပ်က အာဏာ သိမ်းတဲ့နေ့ စစ်ကားတွေ မ၀င်လာရအောင် တားဆီးရာကနေ စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်လိုက်တဲ့ အတွက် အသက်ငယ်ရွယ်တဲ့ အချိန်မှာဘဲ ဘ၀တပါးကို ပြောင်းသွားခဲ့ရပါတယ်။
    မေး။ ။ ဆရာသေဆုံးပီးတဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို နည်းနည်း ပြောပြပေးပါ။
    နိုင်နိုင်။ ။ ဆရာခင်မောင်ဝင်း ဘ၀တပါးကို ပြောင်းသွားတဲ့အချိန်မှာ အသက် ၃၄ နှစ်ဘဲ ရှိပါ သေးတယ်။ စစ်တွေမြို့ မိဇံရပ်ကွက် မှာ အရွယ်မရောက်သေးတဲ့ သမီး ၄ ယောက်နဲ့ ဇနီး တယောက် ကျန်ခဲ့ပါတယ်။ နောက်တနေ့မှာတော့ စစ်ထောက်လှမ်းကလာပြီး ချက်ချင်း အသုဘ ချပါလို့ အကြောင်းကြားပါတယ်။ ကျွန် တော်တို့ ၁၉ ရက်နေ့မှာ အဖွဲ့စည်းပေါင်းစုံက တူညီ ၀တ်စုံတွေဝတ်ပြီး အဲဒီ အသုဘ အခန်းအနားမှာ ကျောင်းသား အဖွဲ့၊ သပိတ် အဖွဲ့၊ ရဟန်းတော်အဖွဲ့တွေနဲ့ ရခိုင်ပြည်မှာ အစည်ကားဆုံးနဲ့ အခမ်းနားအကြီး အကျယ်ဆုံး ဆရာခင်မောင်ဝင်း ဈာပန အခမ်း အနားကို တိတ်ဆိတ် ငြိမ်သက်စွာနဲ့ ကျွန်တော်တို့ ကျင်းပခဲ့ကြပါတယ်။ အသုဘ အခန်းအနားမှာ လူအုပ်ကြီးက တစ်သောင်းကျော်လောက် ရှိပါတယ်။ ဆရာရဲ့ ရုပ်အလောင်းကိုလည်း အဖွဲ့တိုင်းက အလှည့်ကျ ထမ်းပြီး သချိုင်း အရောက် ယူဆောင်သွားပါတယ်။ ဆရာခင်မောင်ဝင်း အတွက် အမှတ်တရ ကျောက်တိုင် တခုလုပ်ပြီး အင်္ဂလိပ်-ရခိုင်နှစ်မျိုးလုံးနဲ့ မှတ်တမ်းတွေ ရေးခဲ့ကြပါတယ်။ အဲဒီ ကျောက်တိုင်ကို လူတွေ အဝေးကပင် မြင်နိုင်အောင် ခပ်မြင့်မြင့် ပြုလုပ်ခဲ့ပြီး သူရဲကောင်း အဖြစ် မော်ကွန်း ထိုးခဲ့ကြပါတယ်။ ဒါပေမယ့် စစ်ထောက်လှမ်းရေးက နောက်ပိုင်းမှာ ဆရာ ကျောက်တိုင်ကို ရိုက်ချိုးပစ်ပြီး အင်္ဂလိပ်လို ရေးထားတဲ့ ဆရာခင်မောင်ဝင်းရဲ့ အတ္ထုပတ္တိ တွေကိုလည်း ဖျက်ဆီး သွားပါတယ်။ အခုတော့ သချီုင်း ပြောင်းလိုက်တဲ့အတွက် ဆရာ ကျောက်တိုင် ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်လည်း အတိအကျ မပြောနိုင်တော့ဘူး။
    Khin-Mg-Win ဆရာကို ဂုဏ်ပြုခဲ့တဲ့ ကျောက်တိုင် ဖြူဖြူလေး။
    မေး။ ။ စစ်တပ်က အာဏာသိမ်းတဲ့ အခါ ရခိုင်မှာ ဆရာယောက်တည်းဘဲ ကျဆုံးခဲ့ရတာပါလား။ နောက်ထပ် ကျဆုံးသွားတဲ့ သူတွေကော ရှိပါသလား။
    နိုင်နိုင်။ ။ ကျွန်တော်တို့ ၈၈ အာဏာသိမ်းစဉ်မှာ ရခိုင်ပြည်နယ် အတွင်းမှာ ပစ်ခံရတဲ့သူတွေ သေဆုံး သွားသူတွေ စာရင်းကိုတော့ တိတိကျကျ မသိပါ။ ဒါပေမယ့် သိရသလောက်ပြောရရင် အမ်းမြို့နယ်မှာ ကျောင်းသား အဖွဲ့တစ်ဖွဲ့ ၂၄ ယောက် အသတ်ခံခဲ့ရပါတယ်။ နောက်ပြီး ကျောက်ဖြူမှာ အသတ် ခံရတဲ့ ကျောင်းသားတွေ ရှိပါတယ်။ ကျွန် တော် အနေနဲ့ကတော့ သေဆုံးသွားသူတွေကို ဒီကနေ့ထိ မမေ့နိုင်သေးပါဘူး။ နောက်မျိုးဆက်တွေလည်း မမေ့ရအောင် သေဆုံးသွားသူတွေကို အမြဲတမ်းဂါရ၀ပြု မှတ်တမ်း တင်ကြဖို့ ပြောချင်ပါတယ်။
    ( ဆရာခင်မောင်ဝင်း အသုဘချသည့်နေ့ ၁၉- ၈-၈၈ တွင် ဖြန့်ဝေခဲ့သည့်ကဗျာ)
    ကိုခင်မောင်ဝင်း ခေါ် ကိုရွှီဘန်းသို့
    အလွမ်းဘွဲ့ ညကဗျာ
    - - ချစ်ဇနီးနဲ့
    သမီးလေးယောက် အရွယ်မရောက်ခင်
    ထောက်ကူဖွယ်ရှာ သမာအာဇီဝ
    စာသင်ပြရင်း ပင်ပန်းခြင်းကို
    ရဲတင်းမာန်ဝင်း မငြိုငြိမ်းဘဲ
    ရင်ဆိုင်ခသော ငါ့မိတ်ဆွေ။
    - ပကာသန ပြင်ပြမှုဟန်
    သူ့ဟန်မဟုတ် ရိုးကုတ်စကား
    ရိုးရိုးလားလား ခင်စရာလေ
    ငါချစ်သော ရိုးရိုးလူ။
    - သူ့အကြောင်းကို
    ကောင်းကောင်းငါသိ ငါမှတ်မိရေ
    ဦးဥတ္တမနိန့်
    နီသူမြတ်မှာ လှုပ်ရှားဖွယ်လေ
    အိမ်မှာမနား မစားရ
    မယားကနား သမီးကဆို
    သူကမငြိုငြင်.....
    ဘုရားကြီး အေးစေတီ သန့်ရှင်းရေး
    သာရေးနာရေး အတွင်းရေးမှူး
    ဆရာသမဂ္ဂမှာ
    တက်တက်ကြွကြွ တဘက်လမ်း
    လူသားပီပီ ၀င်ဆန့်ခသူ။
    - ငါ့မိတ်ဆွေကား အင်အားမသုံး
    နှလုံးသမား စာပေသမားလေ
    စကားမကြမ်း မသရမ်းပါ
    အကြမ်းမဖက် တရားဘက်ရာ
    သက်ဝင်ဘာသာရေး လူမှုရေး နန့် 
    ရပ်ရွာရေး ကုသိုလ်ရေးကို
    တွေးတောကြံဆ လူပီသသူ။
    - စက်တင်ဘာလ ၁၈ ကျခါ
    ရွာကကင်းမှာ ကင်းစောင့်ပါယင်း
    နားမှာကြားရ မြို့လယ်လမ်းမ၀ယ်
    မိုးဝါးဆူညံ သေနတ်သံတည်း
    ငြိမ်းရန်စကား သူပြောကြားဖို့
    လမ်းနားကိုလာ ထိုအခါ၌
    ရင်မှာကျဉ်စူး သွီးနှင့်လူးလို့ မူးလိုက်ထိုးလဲ
    လမ်းမထဲမှာ
    သီဘေးဝင်ခပါရေ။
    - သြော် မိတ်ဆွေသီလို့
    ရီ၊ မြေ၊ မီအားလုံး ယူကျုံးမရ
    လောကကောင်းစီ လူသားပီသူ
    သီဆုံးလီခ နှမြောရ၏
    သူကား အသက် ၃၄။
    - ဇာဘဲဖြစ်ဖြစ်
    လူချစ်နတ်ခင် မိတ်ဆွေလျှင်ကား
    သီပင်သီငြား ကောင်းရာလားဖို့
    ငါကားမငို ခလီဗျာလ်။