လမ်းပေါ် ဂီတာတီးသူ ကျောင်းသား လူငယ် ၂ ဦးကို စရဖမှ ဖမ်ဆီး နှိပ်စက်

    Author: Unknown Genre:
    Rating


    ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ လမ်းပေါ် ဂီတာ ထွက်တီးသူ လူငယ် (၂) ဦးကို စရဖ အရာရှိမှ သူ၏ ညီဖြစ်သူနှင့် ရန်ဖြစ်မူ အပေါ် မကျေနပ်သဖြင့် ရုံးသို့ ခေါ်ယူ ရိုက်ပုတ်ကာ နှိပ်စက်ခဲ့သည်ဟု သတင်း ရရှိသည်။

    အဆိုပါ လူငယ် နှစ်ဦးမှာ စစ်တွေ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား တစ်ဦးဖြစ်သူ မောင်မျိုးနိုင်အောင် (ဘ) ဦးဝင်းနိုင်နှင့် သူ့၏ သူငယ်ချင်း ဖြစ်သူ မောင်အေးကို (ဘ) ဦးမောင်တင်ဖြူတို့ ဖြစ်ကြသည်။ သူတို့ နှစ်ဦးစလုံးမှာ ရမ်းဗြဲမြို့ အမှတ် (၃) ရပ်ကွက်မှ ဖြစ်သည်။

    လူငယ်များနှင့် ဆွေမျိုး တော်သူ တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။

    " ကလေးအချင်းချင်း စကားများ ရန်ဖြစ်တာကို ရမ်းဗြဲမြို့ စရဖ အရာရှိ တပ်ကြပ် ဇော်ဇော်မင်းက ကလေးတွေကို ဆိုဆုံးမဖို့ လာအပ်ရမယ်ဆိုပြီး မိဘတွေကို ပြောတဲ့ အတွက် မိဘတွေက သူတို့ရဲ့ သားနှစ်ဦးကို သွားအပ်တဲ့ အခါ ရုံးခန်းထဲမှာ ရှိတဲ့ ခြောက်ပေါက်ထဲ ထည့်ပြီး ရိုက်ပုတ် နှိပ်စက်ခဲ့တယ်။ ဒါဟာ လူမူရေးအရ အထူး စော်ကားတာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ လုံးဝ ကျေနပ်မူ မရှိဘူး။ ဒါကြောင့် အထက်ထိ တက်တိုင်မယ်လို့ စီစဉ် နေပါတယ်" ဟု ပြောသည်။ ကိုမောင်မျိုးနိုင်အောင်နှင့် မောင်အေးကိုတို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ ညဥ့် ၁၁ နာရီ အချိန်တွင် လမ်းမပေါ် ဂီတာ တီးနေစဉ် ရမ်းဗြဲမြို့တွင် တာဝန်ကျနေသော စရဖ တပ်ကြပ် ဇော်ဇော်မင်း၏ ညီဖြစ်သူမှ အရက်သေစာ သောက်စားပြီး အာဏာပြ ပြောဆိုရာမှ လူငယ် အချင်းချင်း စကားများကာ ခိုက်ရန် ဖြစ်ပွားခဲ့သည်။

    အဆိုပါ ခိုက်ရန် ဖြစ်ပွားပြီးနောက် ကိုမောင်မျိုးနိုင်အောင်နှင့် မောင်အေးကိုတို့ မိဘများအိမ်သို့ သွားရောက်ပြီး စရဖ အရာရှိ ဇော်ဇော်မင်းမှ အဆိုပါ လူငယ်များအား ဆိုဆုံးမရန် စရဖ ရုံးသို့ လာအပ်ရန်နှင့် မလာအပ်ပါက မိဘများကို အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    " မိဘတွေကို ခြိမ်းခြောက်တော့ မိဘတွေက ကြောက်တာပေါ့။ ဒါ့အပြင် ဆိုဆုံးမဖို့ အတွက်သာ ဖြစ်ပြီး ရိုက်ပုတ်မှာ မဟုတ်ဘူးဆိုတော့ မိဘတွေက ကလေးတွေကို စရဖရုံးကို အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီမှာ သွားအပ်ပါတယ်။ သွားအပ်ပြီးတဲ့ နောက်ပိုင်း မိဘတွေကို ပြန်လွှတ်လိုက်ပြီး ကလေးနှစ်ဦးကို ခြောက်ပေါက်ထဲမှာ တည့်တယ်။ ပီးရင် မျက်နာတွေကို လက်သီးနဲ့ ၈ ချက်လောက်ထိုးတယ်။ နောက်ကျော တွေကို ခြေထောက်နဲ့ ကန်တယ်။ ပီးမှ ပြန်လွှတ်ပေးလိုက်ပါတယ်။"

    ယခုကဲ့သို့ ကလေးငယ်များကို ခေါ်ယူနှိပ်စက်ခဲ့မူ အပေါ် မိဘများသာမက ရပ်ကွက် အတွင်းမှ လူများလည်း မကျေမနပ် ဖြစ်နေကြသည်ဟု သူက ပြောသည်။

    " အခုက စစ်အစိုးရ လက်ထက်လည်း မဟုတ်တော့ဘူးဗျာ။ ဦးသိန်းစိန် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရသစ် ဖြစ်လာပြီ။ အဲသလို အခြေအနေမျိုးမှာ စစ်ထောက်လှမ်းရေးက လူတွေကို တရား ဥပဒေနဲ့ အညီ အရေး ယူတာမျိုး မဟုတ်ဘဲ ခေါ်ယူ နှိပ်စက်တယ်ဆိုတော့ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ ဒါကြောင့် ကျနော်တို့ အစိုးရထိ တက်တိုင်သွားမယ်" ဟု ပြောသည်။

    မြန်မာနိုင်ငံတွင် အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေပြီဟု ပြောဆိုမူများ ထွက်ပေါ်နေသော်လည်း အောက်ခြေတွင် (အထူးသဖြင့် ရခိုင် ကျေးလက်ဒေသများတွင်) အုပ်ချုပ်ရေး ပုံစံများမှာ ယခင် စစ်အစိုးရ လက်ထက်ကကဲ့သို့ တည်ရှိနေပြီ စစ်ထောက်လှမ်းရေးများနှင့် ဒေသ စစ်အာဏာပိုင်များမှာ မင်းမူ ချယ်လှယ်ကာ လူထုကို မထင်ရင် မထင်သလို နှိပ်စက်မူများ ပြုလုပ်နေကြကြောင်း သိရသည်။



    -------------------------------------------------------------------------------------------------------------------------------
    .: နိရဉ္စရာမှ